Only Student, Only Education

Open the Future, Go to the World

  • HOME
  • တက္ကသိုလ်ဆိုင်ရာ အချက်အလက်များ
  • ဘွဲ့ကြိုသင်တန်း
  • CJU မှ တိုက်ရိုက်စီမံခန့်ခွဲသော ဌာန

CJU မှ တိုက်ရိုက်စီမံခန့်ခွဲသော ဌာန

CJU မှ တိုက်ရိုက်စီမံခန့်ခွဲသော ဌာန

လေကြောင်းနှင့်လေယာဉ်ဆိုင်ရာ သိပ္ပံပညာနှင့် လေကြောင်းပျံသန်းမှု လုပ်ငန်းလည်ပတ်ရေးဌာန၊ လေကြောင်း၊ လေယာဉ်ဆိုင်ရာနှင့် စက်ယန္တရားပိုင်းဆိုင်ရာ အင်ဂျင်နီယာဌာန၊ လူမဲ့ လေကြောင်းပျံသန်းရေးယာဉ် စနစ်ဌာန၊ လေကြောင်းပျံသန်းရေး ဝန်ဆောင်မှုများဌာန၊ စစ်ဘက်ဆိုင်ရာ ပညာရပ်များဌာန

လေကြောင်းနှင့်လေယာဉ်ဆိုင်ရာ သိပ္ပံပညာနှင့် လေကြောင်းပျံသန်းမှု လုပ်ငန်းလည်ပတ်ရေးဌာန

လေကြောင်းနှင့် လေယာဉ်ဆိုင်ရာ သိပ္ပံပညာနှင့် လေကြောင်းပျံသန်းမှု လုပ်ငန်းလည်ပတ်ရေး မေဂျာကို 2012 ခုနှစ်တွင် ကျောင်းသားသစ် 30 ဦးဖြင့် စတင်တည်ထောင်ခဲ့ပါသည်။ ယနေ့အချိန်အထိ ၎င်းသည် ဘွဲ့ရဦးရေ 50 ကျော်ဖြင့် ဂုဏ်သိက္ခာမြင့်မားသော အသစ်စက်စက်မေဂျာတစ်ခု ဖြစ်နေဆဲဖြစ်ကာ 2012 ခုနှစ်မှစ၍ ဘွဲ့ရများသည် စစ်လေယာဉ်မှူးများအဖြစ် လုပ်ဆောင်နေကြပြီး ဘွဲ့ရ 5 ဦးမှာမူ 2018-2020 အတွင်း လေကြောင်းလိုင်းများ၌ အလုပ်ဝင်ခဲ့ကြပါသည်။ လေယာဉ်မှူးတစ်ဦးအတွက် လိုအပ်သည့် တိကျခိုင်မာသော လေကြောင်းပျံသန်းရေးဆိုင်ရာ အသိပညာနှင့် လေယာဉ်တစ်စီးအကြောင်း အသေးစိတ် အတွင်းကျကျသိနားလည်မှု၏ တန်ဖိုးကို ကျွန်ုပ်တို့ အလေးဂရုပြုပါသည်။ ကျောင်းသားများအနေနှင့် လူအများနှင့် ကောင်းမွန်စွာ ဆက်သွယ်ပြောဆိုနိုင်ရန်အတွက် စိတ်နေသဘောထားကောင်းမွန်ရေး ပြုစုပျိုးထောင်ပေးသည့် အစီအစဉ်တစ်ခုကိုလည်း ဆောင်ရွက်ပေးပါသည်။ ကမ္ဘာလုံးဆိုင်ရာ လေကြောင်းပျံသန်းမှုခေတ်၏ တောင်းဆိုချက်များအတွက် အရည်အချင်းပြည့်မီသော လေယာဉ်မှူးများကို သင်ကြားပေးနိုင်ရန် လေကြောင်းနှင့် လေယာဉ်ဆိုင်ရာ သိပ္ပံပညာနှင့် လေကြောင်းပျံသန်းမှု လုပ်ငန်းလည်ပတ်ရေး မေဂျာသည် ဤအရည်အချင်းများကို ပေးစွမ်းနိုင်ပါသည်- ပထမဆုံးအနေဖြင့် လေကြောင်းနှင့် လေယာဉ်ဆိုင်ရာ သိပ္ပံပညာနှင့် လေကြောင်းပျံသန်းမှု နည်းစနစ်ပိုင်း ဗဟုသုတအပေါ် အခြေခံ၍ လေယာဉ်ပျံသန်းမှုနှင့် ပတ်သက်သော ကျွမ်းကျင်ပညာရှင်များအား ပြုစုပျိုးထောင်ပေးပါမည်။ ဒုတိယအနေဖြင့် ပျံသန်းမှုပတ်ဝန်းကျင်များ၊ ပျံသန်းမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့် ATC ဆက်သွယ်ရေးဆိုင်ရာ လုပ်နိုင်စွမ်းကို ချင့်ချိန်စီမံခြင်း စသည့် ပျံသန်းမှုဆိုင်ရာ အဓိကသင်ခန်းစာများကို ကျေညက်နားလည်လာပါမည်။ တတိယအနေဖြင့် နောက်ဆုံးပေါ် လေယာဉ်များနှင့် သဏ္ဍာန်တူဖန်တီးပေးသည့် စက်များအား အသုံးပြုလျက် အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခုတွင် ပျံသန်းမှုလေ့ကျင့်ခန်း လုပ်ဆောင်နိုင်ပါမည်။ စတုတ္ထအနေဖြင့် သီအိုရီပိုင်းနှင့် ပျံသန်းလေ့ကျင့်မှုပိုင်း သင်ခန်းစာများမှတစ်ဆင့် လေကြောင်းလိုင်း လေယာဉ်မှူးတစ်ဦး ဖြစ်မလာမီ ပြည့်မီထားရမည့် အရည်အချင်းသတ်မှတ်ချက်အမျိုးမျိုး (PPL ၊ CPL ၊ MPL ၊ IPL ၊ ရေဒီယိုတယ်လီဖုန်း အော်ပရေတာများဆိုင်ရာ လေကြောင်းပျံသန်းရေး အထွေထွေ အသိအမှတ်ပြုလက်မှတ်၊ EPTA) ကို ရရှိပိုင်ဆိုင်လာပါမည်။

လေကြောင်း၊ လေယာဉ်ဆိုင်ရာနှင့် စက်ယန္တရားပိုင်းဆိုင်ရာ အင်ဂျင်နီယာဌာန

လေကြောင်း၊ လေယာဉ်ဆိုင်ရာနှင့် စက်ယန္တရားပိုင်းဆိုင်ရာ အင်ဂျင်နီယာဌာန၏ ရည်မှန်းချက်များမှာ ကမ္ဘာလုံးဆိုင်ရာ လေကြောင်းသယ်ယူပို့ဆောင်ရေး လိုအပ်ချက် အလျင်အမြန်မြင့်တက်လာခြင်းကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် နိုင်ငံ၏ လေကြောင်းပျံသန်းရေးနှင့် စက်ယန္တရားပိုင်း လုပ်ငန်းနယ်ပယ်ကို 21 ရာစုအတွင်း ခွန်အားနှင့် လှုပ်ရှားတက်ကြွမှု ပေးစွမ်းနိုင်ရန် လေယာဉ်ပြုပြင်ထိန်းသိမ်းရေးနှင့် လေကြောင်းပျံသန်းရေးဆိုင်ရာ အစိတ်အပိုင်းများ/စနစ်ဒီဇိုင်းပိုင်း ကဏ္ဍအတွင်း ကျွမ်းကျင်အင်ဂျင်နီယာများအဖြစ် ကျောင်းသားများကို လေ့ကျင့်သင်ကြားပေးနိုင်‌ရေး ဖြစ်ပါသည်။ သို့ဖြစ်၍ ဤဌာနသည် အခြေခံအင်ဂျင်နီယာသီအိုရီများနှင့် တိကျပြင်းထန်သော လက်တွေ့/နည်းစနစ်ပိုင်း သင်ခန်းစာများ ပါဝင်သည့် သင်ရိုးတစ်ခုကို အသုံးပြုသင်ကြားနေပါသည်။ ဌာန၏ အထူးအားသာချက်များထဲမှ တစ်ခုသည် ကျောင်းသားများအနေဖြင့် လေယာဉ်ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် သိပ္ပံကျောင်းအဖြစ် အစိုးရ၏ အသိအမှတ်ပြုမှုအောက်ရှိ ကောလိပ်တွင် တက်ရောက်နေစဉ် လေယာဉ်ပြုပြင်ထိန်းသိမ်းရေး စက်ပြင်ဆရာလက်မှတ်ကို ရရှိနိုင်ခြင်းဖြစ်ပါသည်။ ထို့အပြင် CATIA ACP (ပညာရေးဆိုင်ရာ အသိအမှတ်ပြုလက်မှတ် အစီအစဉ်) စင်တာကို ဖွင့်လှစ်ထားသဖြင့် CATIA အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြုလက်မှတ်ကိုလည်း ရရှိနိုင်ပါသည်။ ထိုမျှသာမက ကျောင်းသားများသည် ကျောင်းသင်ရိုးနှင့် မသက်ဆိုင်သည့် အစီအစဉ်နှင့် လှုပ်ရှားမှုအမျိုးမျိုးတွင် ပါဝင်ကြပြီး တီထွင်ဖန်တီးနိုင်စွမ်းကို မြှင့်တင်ကာ မိမိ၏မေဂျာနှင့် ဆက်စပ်သော အဆင့်မြင့်အသိပညာကို ရယူပိုင်ဆိုင်နိုင်ကြသလို အများစုသည် ပညာသင်ဆုအမျိုးမျိုးကိုလည်း ရရှိကြပါသည်။ ဘွဲ့ရပြီးနောက် ရရှိနိုင်သည့် အလုပ်အကိုင်လမ်းကြောင်းများမှာ လေယာဉ်ပြုပြင်ထိန်းသိမ်းရေး စက်ပြင်ဆရာ သို့မဟုတ် မန်နေဂျာ၊ လူပါနှင့် လူမဲ့ လေကြောင်းပျံသန်းရေးယာဉ် လုပ်ငန်းနယ်ပယ်အတွင်း ဒီဇိုင်း သို့မဟုတ် ထိန်းချုပ်မှု အင်ဂျင်နီယာ သို့မဟုတ် သုတေသီများ ဖြစ်ကြပါသည်။

လေကြောင်းပျံသန်းရေး ဝန်ဆောင်မှုများဌာန

လေကြောင်းပျံသန်းရေး ဝန်ဆောင်မှုများဌာနသည် လေယာဉ်အမှုထမ်းနှင့် ရုံးပိုင်းဆိုင်ရာကဲ့သို့သော အဆင့်အတန်းမြင့် ဝန်ဆောင်မှုပေးသူ ရာထူးများတွင် လုပ်ကိုင်နိုင်မည့် လူ့စွမ်းအားအရင်းအမြစ်များကို လေ့ကျင့်သင်တန်းပေးသော ဌာနတစ်ခု ဖြစ်ပါသည်။ ဤဌာနသည် လေယာဉ်လည်ပတ်ပျံသန်းမှုနှင့် ဝန်ဆောင်မှုဆိုင်ရာ အဓိကကျသော သဘောတရားများကို သင်ကြားပေးပြီး အကောင်းဆုံးသော လေကြောင်းပျံသန်းရေးဆိုင်ရာ ဘေးကင်းရေးနှင့် ဝန်ဆောင်မှု ပစ္စည်းအဆောက်အအုံများဖြင့် တည်ဆောက်ထားသည့် လေ့ကျင့်ရေးခန်းမအတွင်းတွင် လက်တွေ့ကျသောစွမ်းရည်များ ရရှိပိုင်ဆိုင်စေရန် ကျောင်းသားများကို လေ့ကျင့်ပေးပါသည်။ ထို့အပြင် ဝန်ဆောင်မှုနယ်ပယ်အတွက် လိုအပ်သည့် ရုံးပိုင်းဆိုင်ရာ စွမ်းရည်များကို ပေးစွမ်းနိုင်သော ဖော်ပြပါကဲ့သို့အစီအစဉ်အမျိုးမျိုးဖြင့် ဆောင်ရွက်ခြင်းအားဖြင့် ကျောင်းသားများ၏ ရည်မှန်းချက် ပြည့်မြောက်စေရန် ပရော်ဖက်ရှင်နယ် ဝန်ဆောင်မှုဆိုင်ရာ သက်မွေးဝမ်းကျောင်းစွမ်းရည်များအား မြှင့်တင်ပေးဖို့ ကျွန်ုပ်တို့ ရည်ရွယ်ပါသည်။
1. လေကြောင်းပျံသန်းရေး အထူးပြုကောလိပ်။
2. လေကြောင်းဝန်ဆောင်မှု လေ့ကျင့်ရေးခန်းမနှင့် ဘေးကင်းရေးဆိုင်ရာ လေ့ကျင့်ရေးစင်တာအမျိုးမျိုး ထူထောင်ခြင်း။
(တာဝန်ထမ်းဆောင်ဆဲ လေယာဉ်အမှုထမ်းနှင့် လေယာဉ်မောင်/မယ်များအတွက် ပုံမှန်သင်တန်းပေးသည့် ပထမဆုံးသော 4 နှစ်တက် တက္ကသိုလ်/လေကြောင်းလိုင်း (Aero K)
3. လေကြောင်းလိုင်းများ၊ လေဆိပ်များ၊ ဝန်ဆောင်မှုကုမ္ပဏီများနှင့် စက်မှုလုပ်ငန်း-တက္ကသိုလ် ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များ ထူထောင်ခြင်း။
(ကိုရီးယားလေကြောင်းလိုင်း မြေပြင်ဝန်ဆောင်မှု (Air Korea)၊ Asiana Airlines မြေပြင်ဝန်ဆောင်မှု (AQ)၊ T'way လေကြောင်းဝန်ဆောင်မှု၊ Air Busan (BAS)၊ Aero K ၊ Air Seoul ၊ Eastar Jet ၊ Unies ၊ AQ စသည်ဖြင့်)
4. အမျိုးမျိုးသော ပြင်ပ လှုပ်ရှားမှုများနှင့် ကျောင်းဝင်းတွင်း လှုပ်ရှားမှုအစီအစဉ်များအတွက် အခွင့်အလမ်းများ။
(ပရိုတိုကော အစီအစဉ်များ၊ PR ဌာန၊ ပြိုင်ပွဲများ၊ ကျောင်းချိန်အပြီးတွင် အခမဲ့ TOEIC သင်တန်းများ၊ နိုင်ငံခြားဘာသာစကားဖြင့် စကားပြောဆိုခြင်း၊ RC စသည့် ကောလိပ်ကျောင်းသားဘဝ လှုပ်ရှားမှုမျိုးစုံ)။
5. လေကြောင်းလိုင်းများ၏ လူသစ်စုဆောင်းမှု အပြောင်းအလဲသစ်များနှင့် ကိုက်ညီသော သင်ရိုး။
(လေကြောင်းလိုင်း လူသစ်စုဆောင်းမှုပိုင်း အပြောင်းအလဲများကို ထင်ဟပ်နေသည့် အသိအမှတ်ပြုလက်မှတ်များဆိုင်ရာ ပညာသင်ကြားရေး၊ လေကြောင်းလိုင်းနှင့် ဝန်ဆောင်မှုလုပ်ငန်း အလေ့အထဆိုင်ရာ ဘာသာရပ်များ စသည်ဖြင့်)
6. လေကြောင်းပျံသန်းရေး ဝန်ဆောင်မှုမေဂျာများနှင့် အဆင့်အတန်းမြင့် ဝန်ဆောင်မှုအလုပ်များတွင် အလုပ်အကိုင်ရရှိရေး ပြိုင်ဆိုင်နိုင်စွမ်း ပိုမိုအားကောင်းစေခြင်း။
(လေကြောင်းလိုင်း လေယာဉ်အမှုထမ်းနှင့် မြေပြင်အမှုထမ်း ရာထူးများ၊ ရထားအမှုထမ်း ရာထူးများ၊ ဟိုတယ်ဝန်ဆောင်မှု ရာထူးများ၊ ဘွဲ့ရတော့မည့်သူများအတွက် ကော်ပိုရေးရှင်းကြီးများတွင် စောစီးစွာအလုပ်အကိုင်ရရှိနိုင်ခြေ)

လူမဲ့ လေကြောင်းပျံသန်းရေးယာဉ် စနစ်ဌာန

လူမဲ့ လေကြောင်းပျံသန်းရေးယာဉ် စနစ်ဌာနသည် အဆင့်မြင့် လေကြောင်းရွေ့လျားသွားလာမှု နည်းပညာများနှင့်ပတ်သက်၍ ဦးဆောင်နိုင်သော အင်ဂျင်နီယာများအား သင်ကြားပေးရန် ရည်ရွယ်ပါသည်။ ဌာနသည် ကျောင်းအပ်နှံတက်ရောက်နေသော ကျောင်းသားများ အောင်မြင်မှုရရှိကြောင်း သေချာစေရန်အတွက် လိုအပ်သော လုပ်ငန်းနယ်ပယ်တွင်း ကျွမ်းကျင်မှုစွမ်းရည်များဖြင့် ပံ့ပိုးပေးရန် လူမဲ့ ပျံသန်းရေးယာဉ် (UAV) များ၏ ဒီဇိုင်း၊ ထုတ်လုပ်ရေး၊ ထိန်းချုပ်မှု၊ လုပ်ငန်းလည်ပတ်မှု၊ ပြုပြင်ထိန်းသိမ်းရေးနှင့် ဆော့ဖ်ဝဲရေးဆွဲမှု ကဲ့သို့သော ဒရုန်းပလက်ဖောင်းများဆိုင်ရာ အခြေခံ သီအိုရီဘာသာရပ်နှင့် ကျယ်ပြန့်သော လက်တွေ့လုပ်ဆောင်မှု အတွေ့အကြုံများကို ပေးစွမ်းနိုင်ပါသည်။ ကျောင်းသားများအဖို့ ပြိုင်ပွဲအမျိုးမျိုးတွင် ပါဝင်ဆင်နွှဲခြင်းအားဖြင့် UAM/PAV များ၊ ဒရုန်းများနှင့် စက်ရုပ်လေယာဉ်များကို ဒီဇိုင်းရေးဆွဲ၊ တည်‌ဆောက်ရာတွင် လက်တွေ့ အတွေ့အကြုံရရှိနိုင်သည့် အခွင့်အလမ်းများရှိပါသည်။ ဘွဲ့ရပြီးနောက်တွင် ကျောင်းသားများသည် UAV နှင့် အနာဂတ် လေယာဉ်ဖန်တီးတည်ဆောက်ရေး အင်ဂျင်နီယာများ၊ ဒရုန်းကျွမ်းကျင်သူများ၊ စက်ရုပ် ဉာဏ်ရည်တုဆော့ဖ်ဝဲ ရေးသားသူများ၊ အထူးဗီဒီယို/ဒေတာ ပိုင်းခြားသုံးသပ်သူများအဖြစ် လုပ်ငန်းနယ်ပယ်ကို ထူးခြားစွာအကျိုးပြုနိုင်သူများ ဖြစ်လာနိုင်ပါသည်။

စစ်ဘက်ဆိုင်ရာ ပညာရပ်များဌာန

Cheongju တက္ကသိုလ်၏ စက်ဘက်ရေးရာဌာနသည် နိုင်ငံတွင် ပထမဆုံးသော စစ်ဘက်ဆိုင်ရာ ဌာနအဆောက်အအုံဖြစ်သည့် Chunguigwan ကို ပိုင်ဆိုင်ထားပြီး အဆင့်အမြင့်ဆုံးသော လက်ချာစနစ်နှင့် နှီးနှောဖလှယ်ပွဲ ခန်းမလည်းဖြစ်ကာ ကာယကြံ့ခိုင်ရေးစင်တာ၊ ဗီဒီယိုသေနတ်ပစ်ကွင်း၊ လုံခြုံရေးပန်းခြံ ကဲ့သို့သော စစ်ဘက်ဆိုင်ရာ ပညာသင်ကြားရေး ပတ်ဝန်းကျင်တစ်ခုကိုလည်း ဖန်တီးထားပါသည်။
2011 ခုနှစ် ဌာနကို စတင်ဖွင့်လှစ်ချိန်နောက်ပိုင်း 2015 ခုနှစ်တွင် ဘွဲ့ရ 38 ဦး မွေးထုတ်နိုင်ခဲ့ပြီး Army Convention University တွင် နောက်ကျမှ ပါဝင်လာခဲ့ခြင်းဖြစ်သော်လည်း လျင်မြန်စွာတိုးတက်နေပါသည်။
အဓိက တိုးတက်အောင်မြင်မှုများတွင် နိုင်ငံတွင် အကြီးဆုံး အရာရှိလေ့ကျင့်ရေးကောလိပ် (2014)၊ Texas A&M တက္ကသိုလ် ခေါင်းဆောင်မှုသင်တန်း (2014)၊ နိုင်ငံတွင် ROTC ခွဲတမ်း အများဆုံး (2014)၊ စာချုပ်ဌာန (အမှတ် 13 လေထီးတပ်ဖွဲ့) (2015)၊ စစ်ဘက်ဆိုင်ရာ ပညာသင်ကြားရေး ပတ်ဝန်းကျင် (သီးသန့်အဆောက်အအုံ၊ လုံခြုံရေးပန်းခြံ၊ အင်္ဂလိပ်ဘာသာသင်ကြားရေး) (2013) တို့ပါဝင်ပါသည်။
ထို့အပြင် နိုင်ငံရပ်ခြားလေ့ကျင့်ရေးသင်တန်း (တရုတ်)၊ အခြေခံစစ်ဘက်ရေးရာသင်ကြားရေး (ဝင်ခွင့်ရပြီးနောက် တစ်လ)၊ လက်တွေ့ကွင်းဆင်းသင်တန်းများနှင့် လုံခြုံရေးဆိုင်ရာ ကွင်းဆင်းလေ့လာမှုများ/Dokdo အလည်အပတ် ခရီးများ (ဧပြီလ)၊ စစ်ဘက်ဆိုင်ရာ သုတေသနကျောင်းများသို့ သွားရောက်လေ့လာမှုများ (ADD၊ မြေမျက်နှာသွင်ပြင်ဆိုင်ရာ သတင်းအချက်အလက်အဖွဲ့ စသည်) (အောက်တိုဘာလ)၊ မြေပြင် စစ်ရေးဆိုင်ရာ ပွဲအခမ်းအနားများနှင့် စေတနာ့ဝန်ထမ်း လှုပ်ရှားမှုများတွင် ပါဝင်ခြင်း (တစ်လတစ်ကြိမ်)၊ Cheongseongje (နိုဝင်ဘာလ) တို့လည်း ပါဝင်ပါသည်။
ဘွဲ့ရ အသိအမှတ်ပြုလက်မှတ်စနစ်မှတစ်ဆင့် ယုံကြည်မှုရှိပြီး အတော်ဆုံးဖြစ်သော အရာရှိများအား မွေးထုတ်ပေးရန်လည်း ကြိုးပမ်းလျက်ရှိပါသည်။ အသိအမှတ်ပြုလက်မှတ်ရရှိရန် လိုအပ်ချက်များမှာ
အင်္ဂလိပ်ဘာသာ တရားဝင်အဆင့်သတ်မှတ်ချက် (TOEIC ရမှတ် 700 အထက်)၊ တရုတ်စာလုံးအရေးအသား (အဆင့် 2 နှင့်အထက်)၊ သတင်းအချက်အလက် စီမံဆောင်ရွက်ခြင်း (Word၊ စာရွက်စာတမ်း ကိုင်တွယ်စီမံနိုင်သူ၊ ကွန်ပျူတာတတ်ကျွမ်းမှုအဆင့် 2 နှင့်အထက်)၊ တိုက်ကွမ်ဒို (အဆင့် 1 နှင့်အထက်)၊ ကာယကြံ့ခိုင်မှု (အဆင့် 1 နှင့်အထက်) ရရှိမှသာ ဘွဲ့ရနိုင်ပါသည်။