- HOME
- တက္ကသိုလ်ဆိုင်ရာ အချက်အလက်များ
- ဘွဲ့ကြိုသင်တန်း
- လူမှုဘာသာရပ်များနှင့် လူမှုရေးသိပ္ပံ ကောလိပ်
လူမှုဘာသာရပ်များနှင့် လူမှုရေးသိပ္ပံ ကောလိပ်
လူမှုဘာသာရပ်များနှင့် လူမှုရေးသိပ္ပံ ကောလိပ်
ဥပဒေဌာန၊ ရဲဘက်နှင့် ပြည်သူ့စီမံအုပ်ချုပ်ရေး ဌာန၊ စာနယ်ဇင်းပညာနှင့် ဆက်သွယ်ရေးဆိုင်ရာ ပညာရပ်များ ဌာန၊ လူမှုသက်သာချောင်ချိရေး ဌာန၊ မြေယာစီမံခန့်ခွဲရေး ဌာန၊ ကြော်ငြာနှင့် ပြည်သူ့ဆက်ဆံရေး ဌာန၊ အင်္ဂလိပ်ဘာသာစကားနှင့် စာပေဌာန၊ စာကြည့်တိုက်နှင့် သတင်းအချက်အလက်သိပ္ပံပညာ ဌာန
ဥပဒေဌာန
ဥပဒေဌာနသည် ဥပဒေဖြင့် စိုးမိုးအုပ်ချုပ်မှုအောက်ရှိ မျက်မှောက်ခေတ် လူ့အဖွဲ့အစည်းအတွင်း ရှင်သန်နေထိုင်နိုင်ရန် မရှိမဖြစ် လိုအပ်ချက်တစ်ခုဖြစ်သော အခြေခံ ဥပဒေရေးရာဗဟုသုတကို ဥပဒေ အခြေခံသီအိုရီ၊ လက်တွေ့ပြဌာန်းထားသော ဥပဒေအား အဓိပ္ပာယ်ပြန်ဆိုချက်နှင့် ဥပဒေရေးရာ ဖြစ်စဉ်ဖြစ်ရပ်များအကြောင်း သင်ကြားပို့ချမှုမှတစ်ဆင့် မြှင့်တင်ပေးနိုင်ရန် လေ့လာခြင်းဖြစ်ပါသည်။ ဤဌာနသည် အခြေခံ ဥပဒေသီအိုရီသာမက အဆင့်မြင့်သီအိုရီနှင့် ဥပဒေနယ်ပယ်အောက်ရှိ အပြန်အလှန်ဆက်စပ်နေသော ဘာသာရပ်များအား သင်တန်းဖွင့်လှစ် ပို့ချခြင်းဖြင့် ဥပဒေရေးရာ ဗဟုသုတကို မြှင့်တင်ပေးရန် သင်ရိုးရေးဆွဲ သင်ကြားပေးနေပါသည်။ ထို့အပြင် ဆက်စပ်နယ်ပယ်များတွင် အသိအမှတ်ပြုလက်မှတ်များ ရရှိစေရန်အတွက် အလုပ်ခွင်အတွင်း လိုအပ်သော စွမ်းရည်များကို နှိုင်းယှဉ်မှုအစီအစဉ်များ၊ လက်တွေ့ကွင်းဆင်း လေ့ကျင့်သည့် အစီအစဉ်များမှတစ်ဆင့် မြှင့်တင်ရန်လည်း သင်ရိုးရေးဆွဲ ဆောင်ရွက်နေပါသည်။
The Department of Police & Public Administration
Cheongju တက္ကသိုလ် ရဲဘက်နှင့် ပြည်သူ့စီမံအုပ်ချုပ်ရေး ဌာနသည် တိုင်းပြည်နှင့် လူမှုပတ်ဝန်းကျင်ကို အကျိုးပြုနိုင်သည့် ပြည်သူ့ရေးရာ တာဝန်ရှိသူများကို ထိန်းကျောင်းလေ့ကျင့်ပေးနိုင်ရေးအား အဓိကလုပ်ဆောင်ပါသည်။
ရဲဘက်နှင့် ပြည်သူ့စီမံအုပ်ချုပ်ရေး ဌာနသည် နှစ်ပေါင်း 60 ကျော် သက်တမ်းရှိသော ပြည်သူ့စီမံအုပ်ချုပ်ရေး ဌာနရှိ ၎င်း၏ အခန်းကဏ္ဍကို တိုးချဲ့ဖန်တီးထားသည့် ဌာနတစ်ခုဖြစ်ပါသည်။
ပြည်သူ့စီမံအုပ်ချုပ်ရေး ဌာနသည် ပြည်သူ့ဝန်ထမ်းမြောက်များစွာကို နှစ်ပေါင်း 60 ကျော် ကာလရှည်ကြာစွာ လေ့ကျင့်ပျိုးထောင်ပေးခဲ့ပါသည်။
ထို့အပြင် လက်ရှိတွင် တိုင်းပြည်နှင့် လူမှုပတ်ဝန်းကျင်၏ တိုးတက်ဖွံ့ဖြိုးမှုကို ဦးစီးဖော်ဆောင်နေသူများအဖြစ်လည်း အကောင်းဆုံးသော အခန်းကဏ္ဍတွင် အသုံးတော်ခံလျက်ရှိပါသည်။
အနာဂတ် လူမှုပတ်ဝန်းကျင်တွင် ပြည်သူ့ရေးရာကဏ္ဍများနှင့် လူမှုလုံခြုံရေး၏ တန်ဖိုးကို အားပေးမြှင့်တင်ခြင်းသည် ယခင်ကထက် ပိုမိုအရေးပါသော အရေးကိစ္စများ ဖြစ်လာပါမည်။
အနာဂတ် လူမှုပတ်ဝန်းကျင်၏ တောင်းဆိုချက်များကို အမီလိုက်နိုင်ရန်အတွက် ရဲဘက်နှင့် ပြည်သူ့စီမံအုပ်ချုပ်ရေး ဌာနသည် ရဲအရာရှိများ၊ အုပ်ချုပ်ရေးအရာရှိများ၊ ပညာရေးဆိုင်ရာ စီမံဆောင်ရွက်သူများ၊ မီးသတ်သမားများနှင့် အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာန၏ စစ်ဘက်ဆိုင်ရာ အရာရှိများကို လေ့ကျင့်ပျိုးထောင်ရာတွင် ဦးဆောင်သူနေရာမှ ဆောင်ရွက်မည်ဖြစ်ပါသည်။
စာနယ်ဇင်းပညာနှင့် ဆက်သွယ်ရေးဆိုင်ရာ ပညာရပ်များ ဌာန
ဒစ်ဂျစ်တယ်နှင့် မိုဘိုင်း သတင်းအချက်အလက်ပြန်ကြားရေးနှင့် ဆက်သွယ်ရေးနည်းပညာများ တိုးတက်ဖွံ့ဖြိုးမှုနှင့်အတူ စာနယ်ဇင်းပညာ၊ ရုပ်သံထုတ်လွှင့်ရေးနှင့် မီဒီယာပုံစံသစ်များကဲ့သို့သော မီဒီယာလုပ်ငန်းနယ်ပယ်များ ပေါင်းစပ်စုစည်းသည့် ခေတ်ကာလတစ်ခုသို့ ချဉ်းနင်းဝင်ရောက်လာပြီဖြစ်ပါသည်။
စာနယ်ဇင်းပညာနှင့် ဆက်သွယ်ရေးဆိုင်ရာ ပညာရပ်များ ဌာနသည် စာနယ်ဇင်းပညာ၊ ရုပ်သံထုတ်လွှင့်မှုနှင့် မီဒီယာပုံစံသစ် လုပ်ငန်းကဏ္ဍများကို တုံ့ပြန်ဖြည့်ဆည်းပေးနိုင်သည့် မီဒီယာ အကြောင်းအရာဖန်တီးထုတ်လုပ်ရေး လုပ်ဆောင်ချက်များမှတစ်ဆင့် ကျောင်းသားများ၏ ဆက်သွယ်ပြန်ကြားရေး၊ ယဥ်ကျေးမှုနှင့် ဘာသာစကားစွမ်းရည်များကို အားပေးမြှင့်တင်ရန် ပေါင်းစပ်စုစည်းမှုအခြေပြု တီထွင်ဖန်တီးမှုဘာသာရပ်တစ်ခုကို စီမံသင်ကြားပေးနေပါသည်။
ယဉ်ကျေးမှုနှင့် မီဒီယာပေါင်းစုံ ရောနှောတည်ရှိရာ ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်တစ်ခုအတွင်း ကြောင်းကျိုးဆက်စပ်၊ ထိုးထွင်းနိုင်သည့်၊ တီထွင်ဖန်တီးမှုရှိသည့် အတွေးအခေါ်နှင့် ဆက်သွယ်မှု စွမ်းရည်များကို ပျိုးထောင်ပေးနိုင်ရန်အတွက် ဌာနသည် လူတစ်ဦးချင်း ဆက်သွယ်ရေး၊ လူထုဆက်သွယ်ရေး၊ စာနယ်ဇင်း၊ ရုပ်သံထုတ်လွှင့်မှု၊ မီဒီယာပုံစံသစ်၊ ဘာသာစကား၊ စာပေ၊ ရေပန်းစားယဥ်ကျေးမှုနှင့် ဝေဖန်သုံးသပ်မှု စသည့် ဆက်သွယ်ပြောဆိုမှု စွမ်းရည်များ ပိုင်ဆိုင်လာစေမည့် သီအိုရီများနှင့် လက်တွေ့လုပ်ဆောင်ချက်များ ပါဝင်သော ဘက်စုံစုစည်းလွှမ်းခြုံထားသည့် သင်ရိုးကို ရေးဆွဲထားပါသည်။
လူမှုသက်သာချောင်ချိရေး ဌာန
လူမှုသက်သာချောင်ချိရေး မေဂျာတွင် ဤသည်တို့ အကျုံးဝင်ပါသည်-
လူမှုသက်သာချောင်ချိရေးနှင့် ဆက်စပ်သော ကျွမ်းကျင်အဆင့် အသိပညာနှင့် စွမ်းရည်များကို ချိတ်ဆက်ပေါင်းစပ်ပေးပြီး နယ်ပယ်ကဏ္ဍအမျိုးမျိုးတွင် နည်းလမ်းမှန်ကန်စွာ လက်တွေ့အသုံးချနိုင်စေရန် ထောက်ကူပေးသည့် လူမှုသက်သာချောင်ချိရေး ပညာရပ်များ။
လူမှုသက်သာချောင်ချိရေး၏ ကောင်းမွန်သော အားသာချက်ပေါ် အခြေပြု၍ ကျွန်ုပ်တို့သည် လူမှုသက်သာချောင်ချိရေး လုပ်ဆောင်ချက်များနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် ကျွမ်းကျင်အဆင့် အသိပညာကို လက်တွေ့အသုံးပြုနိုင်သည့် အလားအလာရှိသော လူမှုဝန်ထမ်းများကို လေ့ကျင့်သင်ကြားပေးပါသည်။
ဤမေဂျာသည် တစ်နိုင်ငံလုံးအဆင့် အသိအမှတ်ပြုသော လက်မှတ်တစ်ခုဖြစ်သည့် ဒုတိယအဆင့် လူမှုဝန်ထမ်း လက်မှတ် ရရှိနိုင်ရန် ကျောင်းသားများကို ထောက်ကူပေးပါသည်။
နိုင်ငံအဆင့် စာမေးပွဲကို အောင်မြင်သွားပါက ပထမအဆင့် လူမှုဝန်ထမ်းနှင့် ဒုတိယအဆင့် စိတ်ရောဂါကု အထောက်အကူပြု လူမှုဝန်ထမ်းအဖြစ် လက်မှတ်ရရှိနိုင်ပါသည်။
ဌာန၏ သင်တန်းအစီအစဉ်သည် ကျောင်းသားများအဖို့ လူမှုပတ်ဝန်းကျင်အတွင်း ဖွဲ့စည်းပုံများကို လက်တွေ့ကျကျ ခွဲခြားသိမြင်နိုင်ပြီး လူမှုရေးရာ ဖြစ်စဉ်ဖြစ်ရပ်များကို ပိုင်းခြားသုံးသပ်ရန်အတွက် အသိပညာကို လက်တွေ့အသုံးချနိုင်မည့် စွမ်းရည်များအား မြှင့်တင်ပေးရန် စီမံထားခြင်းဖြစ်ပါသည်။
တစ်ချိန်တည်းတွင် နိုင်ငံအဆင့် အသိအမှတ်ပြု လူမှုဝန်းကျင်စစ်တမ်း ပိုင်းခြားသုံးသပ်သူ လက်မှတ်ကို ရယူနိုင်စေရန် ကျောင်းသားများကို သင်ကြားပေးပါသည်။
မြေယာစီမံခန့်ခွဲရေး ဌာန
မြေယာစီမံခန့်ခွဲရေး မေဂျာသည် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍများမှ ပေါ်ပေါက်လာသည့် အမျိုးမျိုးသော အရေးကိစ္စများကို ခွဲခြားသိမြင်နိုင်ရန်နှင့် အဆိုပါကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် လိုအပ်မည့် အသိပညာနှင့် လက်တွေ့ ကျွမ်းကျင်မှုများအား လူအများကို ပေးစွမ်းနိုင်ရန် အဓိကဦးတည်ပါသည်။ မြေယာနှင့် အခွန် တွက်ချက်စီမံမှု သိပ္ပံပညာ (Cadastral Science) သည် မြေယာဆိုင်ရာ အခက်အခဲပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် အခြေခံသိပ္ပံပညာအဖြစ် သတ်မှတ်ထားပြီး မြေယာမှတ်ပုံတင်ခြင်းဆိုင်ရာ Cadastral Science နယ်ပယ်၊ မြေယာဥပဒေ၊ မြေယာဆိုင်ရာ အချက်အလက်နှင့် GIS ၊ မြေယာနှင့် အခွန်ဆိုင်ရာ စစ်တမ်းတို့အပါအဝင် အိမ်ခြံမြေဆိုင်ရာ ပညာရပ်များအဖြစ် တိတိပပ ခွဲခြားသတ်မှတ်ထားပါသည်။ သို့ဖြစ်၍ မြေယာစီမံခန့်ခွဲရေး မေဂျာသည် ဘွဲ့ကြိုသင်တန်းတွင် ပါဝင်သည့် ကောင်းစွာ ရေးသားပြုစုထားသော အခြေခံသီအိုရီတစ်ခုအပေါ် အခြေပြု၍ လူမှုရေးဆိုင်ရာ ဖြစ်စဉ်အနေအထားများကို ပိုင်းခြားသုံးသပ်သည့် သုတေသနနှင့် လက်တွေ့အသုံးချမှုတို့မှတစ်ဆင့် သတင်းအချက်အလက်နည်းပညာခေတ်၏ တောင်းဆိုချက်များကို တုံ့ပြန်ဖြည့်ဆည်းပေးနိုင်သော မြေယာဆိုင်ရာ အချက်အလက်စနစ်ကို အသုံးပြုလျက် ဆက်လက်ဖွံ့ဖြိုးနေဆဲဖြစ်သည့် မြေယာစီမံခန့်ခွဲမှု နယ်ပယ်အပေါ် အဓိကအာရုံစိုက်ပါသည်။ မြေယာစီမံခန့်ခွဲရေး မေဂျာဖြင့် ဘွဲ့ရပြီးနောက်တွင် အဓိကအားဖြင့် အစိုးရကော်ပိုရေးရှင်းများတွင်ဖြစ်စေ ပြည်သူ့ဝန်ထမ်းများအဖြစ်ဖြစ်စေ မြေယာစီမံခန့်ခွဲမှု အလုပ်အကိုင်ဖြင့် အလုပ်လုပ်နိုင်မည် ဖြစ်ပါသည်။ မဟာဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်း တက်ရောက်ပြီးနောက်တွင် နိုင်ငံလုံးဆိုင်ရာ သုတေသနအဖွဲ့အစည်းများ သို့မဟုတ် ဓာတ်ခွဲခန်းများတွင်ပါ လုပ်ကိုင်နိုင်ပါမည်။ ထို့အပြင် သင့်အနေဖြင့် နိုင်ငံတစ်ဝန်း တက္ကသိုလ်များတွင်လည်း မြေယာစီမံခန့်ခွဲရေး ဌာန၊ မြေယာနှင့်ပတ်သက်သော ဌာနများတွင် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နိုင်ပါသည်။
ကြော်ငြာနှင့် ပြည်သူ့ဆက်ဆံရေး ဌာန
ကြော်ငြာနှင့် ပြည်သူ့ဆက်ဆံရေး ဌာနသည် 21 ရာစုတွင် ရေပန်းစားသည့် ဌာနတစ်ခုဖြစ်ပြီး ကြော်ငြာနှင့် ပြည်သူ့ဆက်ဆံရေး လောကတွင် အရည်အချင်းပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များကို အားပေးမြှင့်တင်ရန် ရည်ရွယ်ချက်ချမှတ်ထားပါသည််။
ကြော်ငြာနှင့် ပြည်သူ့ဆက်ဆံရေး လုပ်ငန်းနယ်ပယ်သည် ယနေ့ခေတ် နိုင်ငံရေး၊ ဘောဂဗေဒ၊ လူမှုပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုကဲ့သို့သော ကဏ္ဍအားလုံးတွင် အရေးပါသောနေရာ၌ ရှိနေပြီး ကြော်ငြာနှင့် ပြည်သူ့ဆက်ဆံရေးဆိုင်ရာ ကျွမ်းကျင်အဆင့် အသိပညာနှင့် ပင်ကိုယ်အရည်အချင်း စီမံခန့်ခွဲမှု နည်းစနစ်များကို ပိုမို၍ လိုအပ်လာလျက်ရှိပါသည်။
သို့ဖြစ်၍ သီအိုရီအခြေပြု သိပ္ပံပညာသက်သက်မဟုတ်ဘဲ သီအိုရီနှင့် လက်တွေ့ကို အတူတကွ ပူးတွဲအလေးပေးပြီး လုပ်ငန်းနယ်ပယ်နှင့် ချိတ်ဆက်မှု၏ အရေးပါပုံကို အဓိကထားလျက် ကြော်ငြာနှင့် ပြည်သူ့ဆက်ဆံရေး နယ်ပယ်ကို ဦးဆောင်နိုင်မည့် ကျွမ်းကျင်သူများကို သင်ကြားလေ့ကျင့်ပေးလျက်ရှိပါသည်။
Cheongju တက္ကသိုလ် ကြော်ငြာနှင့် ပြည်သူ့ဆက်ဆံရေး ဌာနတွင် သီအိုရီနှင့် လက်တွေ့ ပေါင်းစပ်သင်ကြားပေးသော အတန်းများကို ဖွင့်လှစ်ထားပါသည်။
ကျယ်ပြန့်စုံလင်သော လုပ်ငန်းအတွေ့အကြုံရှိသည့် ပါမောက္ခများ၏ လမ်းညွှန်ပို့ချမှုအောက်တွင် လက်တွေ့ကဏ္ဍ ပိုမိုအားကောင်းစေရန်အတွက် အတန်းများနှင့်ပတ်သက်သည့် ပြိုင်ပွဲအမျိုးမျိုး၊ ကြော်ငြာနှင့် ပရိုမိုးရှင်းဆိုင်ရာ အသင်းအဖွဲ့လှုပ်ရှားမှုများ၊ ဌာနသီးသန့် ကိုင်တွယ်အသုံးပြုနိုင်သည့် လက်တွေ့ခန်းနှင့် တည်းဖြတ်ခန်းများကို စီစဉ်ပေးထားပါသည်။
အမျိုးမျိုးသော အစီအစဉ်များဖြင့် နှစ်စဉ်ကျင်းပသည့် ကြော်ငြာပွဲတော်နှင့် ကြော်ငြာနှင့် ပြည်သူ့ဆက်ဆံရေး Camp တို့သည်လည်း လက်တွေ့ကျွမ်းကျင်မှုများ ပိုမိုမြင့်မားလာစေမည့် အခွင့်အလမ်းများကို ပေးစွမ်းနိုင်ပါသည်။
သီအိုရီမှသည် လက်တွေ့ပညာသင်ကြားရေးအထိ ပါဝင်သော အစီအစဉ်အမျိုးမျိုးမှတစ်ဆင့် ပြင်ပလောကအတွင်း အလုပ်လုပ်ကိုင်မှု ပတ်ဝန်းကျင်အနေအထားကို နားလည်သဘောပေါက်စေရန်နှင့် လက်တွေ့ကျွမ်းကျင်မှုများ ပိုမိုမြင့်မားစေရန် ကြိုးပမ်းသည့် အစီအစဉ်များ ဖြစ်ပါသည်။
အင်္ဂလိပ်ဘာသာစကားနှင့် စာပေ ဌာန
အင်္ဂလိပ်ဘာသာစကားနှင့် စာပေ ဌာန၏ အဓိကရည်ရွယ်ချက်မှာ ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်ကာလတွင် လိုအပ်သည့် ထူးချွန်သောသူများအား လေ့ကျင့်သင်ကြားပေးရန် ဖြစ်ပါသည်။ လူမှုပတ်ဝန်းကျင်၏ လက်ရှိနှင့် အနာဂတ်ကာလအတွက် ဘက်စုံကျွမ်းကျင်သူများကို အားဖြည့်ကူညီပေးရန် ဗြိတိန်နှင့် အမေရိကန်စာပေ မိတ်ဆက်၊ အမေရိကန် စာပေနှင့် ယဉ်ကျေးမှု၊ အင်္ဂလိပ်စာပေ သမိုင်းတို့အပါအဝင် အင်္ဂလိပ်စာပေနှင့် ပတ်သက်သည့် သင်တန်းများကို စီမံဖွင့်လှစ်ထားပါသည်။ အင်္ဂလိပ်ဘာသာဗေဒနှင့်ပတ်သက်၍ စီစဉ်ပေးထားသော သင်တန်းများမှာ အင်္ဂလိပ်ဘာသာဗေဒ မိတ်ဆက်၊ အသုံးချဘာသာဗေဒ၊ ဝါကျဖွဲ့ထုံးတို့ဖြစ်ပါသည်။ လက်တွေ့အသုံးချ အင်္ဂလိပ်ဘာသာ သင်တန်းများတွင် အင်္ဂလိပ်အသံထွက် လေ့ကျင့်ခြင်း၊ လက်တွေ့ အင်္ဂလိပ်သဒ္ဒါ၊ အင်္ဂလိပ်ဘာသာဖြင့် တင်ဆက်ရှင်းပြမှု လေ့ကျင့်ခြင်းတို့ပါဝင်ပါသည်။ အတိအကျဆိုရလျှင် ကျောင်းသားများသည် အမျိုးမျိုးသော ဗြိတိန်နှင့် အမေရိကန် စာပေလက်ရာများအား ကျယ်ပြန့်စွာ လေ့လာသင်ယူခြင်းအားဖြင့် တီထွင်ဖန်တီးမှုနှင့် ထိုးထွင်းသိမြင်မှုရှိရှိ တွေးခေါ်မှုစွမ်းရည်များ ပိုင်ဆိုင်လာမည်ဖြစ်ပြီး မာလ်တီမီဒီယာ အထောက်အကူပြုနည်းလမ်းအမျိုးမျိုးကို အသုံးပြုသည့် ဘာသာစကားလေ့ကျင့်ရေး အစီအစဉ်များမှတစ်ဆင့် အင်္ဂလိပ်စကားပြော၊ နားထောင်ခြင်းနှင့် စာရေးသားခြင်း စွမ်းရည်များ ပိုမိုတိုးတက်လာကြမည်ဖြစ်ပါသည်။ အင်္ဂလိပ်ဘာသာကို မိခင်ဘာသာအဖြစ် ပြောဆိုသည့် ပါမောက္ခများက သင်တန်းအများအပြားကို သင်ကြားပေးပြီး ဘာသာစကား လေ့လာသင်ယူမှုအတွက် ဘက်စုံကောင်းမွန်ပြည့်စုံသည့် ပတ်ဝန်းကျင်တစ်ရပ်ကို ဖန်တီးပေးနိုင်ပါသည်။
စာကြည့်တိုက်နှင့် သတင်းအချက်အလက်သိပ္ပံပညာ ဌာန
စာကြည့်တိုက်နှင့် သတင်းအချက်အလက်သိပ္ပံပညာ ဌာနသည် သတင်းအချက်အလက်နှင့် အသိပညာကို ရှေ့တန်းတင်သည့် လူ့ဘောင်အဖွဲ့အစည်းတွင် လိုအပ်သော ထူးချွန်သူပုဂ္ဂိုလ်များအား မွေးထုတ်ပေးရန် ပညာရေးဆိုင်ရာ ရည်မှန်းချက် ချမှတ်ထားပါသည်။ အထက်ပါ ပညာရေးဆိုင်ရာ ရည်မှန်းချက်နှင့်အညီ စာကြည့်တိုက်နှင့် သတင်းအချက်အလက်သိပ္ပံပညာ ဌာနသည် အဆင့်မြင့် အသိပညာနှင့် သတင်းအချက်အလက်များကို ကျွမ်းကျင်စွာ ပိုင်းခြားစိစစ်နိုင်ရန်၊ အသုံးချနိုင်ရန်၊ သုံးစွဲသူဖောက်သည်များအား ဝန်ဆောင်မှုပေးအပ်ခြင်းအတွက် အစီအမံရေးဆွဲနိုင်ရန်၊ တက္ကသိုလ်စာကြည့်တိုက်များ၊ ပြည်သူ့စာကြည့်တိုက်များ၊ ကျောင်းစာကြည့်တိုက်များ၊ အထူးစာကြည့်တိုက်များ သတင်းအချက်အလက်ပြန်ကြားရေး စင်တာများ၊ မှတ်တမ်း စီမံခန့်ခွဲရေးရုံးများ၊ ပြန်ကြားရေးစနစ်များနှင့် ဆက်သွယ်ရေးကုမ္ပဏီများ၊ အခြား အမျိုးမျိုးသော သတင်းအချက်အလက်နှင့် ယဉ်ကျေးမှု ဆက်စပ်အေဂျင်စီများ၌ တာဝန်ထမ်းဆောင်နိုင်မည့် စာကြည့်တိုက်ပညာရှင်များနှင့် သတင်းအချက်အလက်ဆိုင်ရာ ကျွမ်းကျင်သူများအတွက် လိုအပ်သော သတင်းအချက်အလက်စနစ်များ ဖန်တီးတည်ဆောက်၊ အသုံးပြုနိုင်ရန် လေ့ကျင့်သင်ကြားမှုများကို စီစဉ်ဆောင်ရွက်ပေးပါသည်။ ထို့အပြင် ဤသင်ရိုးသည် ဘွဲ့ရအပြီး လက်တွေ့ လုပ်ငန်းနယ်ပယ်အတွင်း အသိပညာ ဗဟုသုတအသစ်များ ဆက်လက် ရှာဖွေဆည်းပူးနိုင်ရန်နှင့် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ကျင့်ဝတ်ပိုင်း သိရှိနားလည်မှုကို မြှင့်တင်နိုင်ရန် လုပ်ဆောင်နိုင်စွမ်းအပေါ် အဓိကအလေးပေးပါသည်။